Monday, October 12, 2015

မမေ့အပ်သော ရွှေဝါရောင်

မမေ့အပ်သော ရွှေဝါရောင်
**************************
မဖြစ်ညစ်ကျယ် အစိုးရရဲ့
ခေါင်းပုံဖြတ် လှည့်စားမှုအောက်မှာ
ဂယက်ရိုက်ခဲ့တဲ့ ပြည်သူ...
လောင်စာဆီဈေးတွေက
ဒုံးပျံယာဉ် အလား
မြင့်မားလာတဲ့ တနေ့
တို့ပြည်သူတွေ ငုတ်တုတ်မေ့ခဲ့ဖူးတယ်။
ခေါင်ခိုက်နေတဲ့ လောင်စာဆီတွေကြောင့်
တရိပ်ရိပ် ထိုးတက်လာတဲ့ ကုန်ဈေးနှုန်း
အောက်ခြေ လူတန်းစားအဖို့
အထိနာလှတဲ့ ရိုက်ချက်မို့
လမ်းစရိတ်တောင် အနိုင်နိုင်
ယိုက်နဲ့ နဲ့  ၀င်ငွေနဲ့
သံဃာကို ဆွမ်းလုပ်ကျွေးဖို့တောင်
ဝတ္တရားတွေ ပျက်ကွက်ရပြီ။
လောကတ္ထစရိယ..
ဥာတတ္ထစရိယ..
ဗုဒ္ဓတ္ထ စရိယ..
လောကအကျိုးငှါ ကျင့်ခြင်း..
ဆွေမျိုး(အမျိုးသား) အကျိုးငှါ ကျင့်ခြင်း..
သဗ္ဗဉုတ ဉာဏ်တော် အလို့ငှါ ကျင့်ခြင်း ဟူတဲ့
ဘုရားဟော ဒေသနာ
ရင်ဝယ်ပိုက်လို့
ပတ္တနိကုဇ္ဇန ကံဆောင်ရင်း မေတ္တာပို့
ရှေ့သို့သာ ဦးတည်
ဘာမထီ ကြွချီခဲ့လေပြီ။
ထင်တယ်..
လက်ဝဲတော်ရံ ရှင်မဟာ မောဂ္ဂလန်ကို
ဖွဲတအိတ်လို ထုရိုက်ခဲ့တဲ့ ခိုးသားတွေ
အ၀ီစိကတက်လာသလို
သံဃာကို ကြိုးတုပ်
အမျိုးယုတ်တွေက ထုရိုက်လေတော့
သာသနာတည်တဲ့ နိုင်ငံတလျားက လမ်းမတွေထက်
သွေးစက်တွေ ပြန့်ကျဲခဲ့လေပြီ။
စက်တင်ဘာလရဲ့ မိုးဖွဲဖွဲမှာ
သွေးတွေက တရွှဲရွှဲ
အလဲလဲ အကွဲကွဲ
အော်သံတွေက ငရဲပျက်သလို
ရက်စက်လှတဲ့ အာဏာရှင်
ပြည်သူကို လူမထင်..
သံဃာကို လူမထင်
ခွေးလိုပင် ကိုက်ဆွဲကြလေပြီ။
သံဃာတော် ထံပါး
ကျောင်းသားနဲ့ ပြည်သူ
လက်တွဲကူ ၀န်းရံရင်း
ချီတက်ရာ လမ်း
ရေချမ်းကမ်းလို့ လိုက်ပါခဲ့ကြပြီ။
အော်...
တရားကျစရာ မြင်ကွင်း..
သွေးချင်းချင်း နီလို့
သာသနာအမည် မြေမှာတည်ခဲ့ပြီ။
အထင်ကရ
ရန်ကုန်မြို့ရဲ့ လမ်းမတွေထက်
တခဲနက် အားပြရင်း
အာဏာရှင်ရဲ့ ထိုင်ခုံကို
ကိုင်လှုပ်လာတဲ့ အဆုံးမှာတော့
၈၈ ကမျက်နှာဖုံး ပြန်သုံးလို့ အကြမ်းဖက်
ရိုက်နှက်ရင်း ဖမ်း...
ဖမ်းဆီးရင်း ထောင်ချ...
ကမ္ဘာက သြချရတဲ့ အထိ
ရက်စက်ကြမ်းကြုတ်လာခဲ့ပြီ။
ကြံ့ဖွတ်နဲ့ စွမ်းအားရှင်
စစ်သားနဲ့ လုံထိန်း
အယူတိမ်းတဲ့ မိစ္ဆာတွေက
သူပုန်စခန်း ၀င်စီးသလို စစ်ဆင်ရေးနဲ့
ဘုန်းကြီးကျောင်းတွေ ဖျက်
ဆင်းတုတော်တွေ ခေါင်းပြတ်တဲ့အထိ
ဘီးလူးသဘက် ထက်ဆိုးဝါးခဲ့ပြီ။
မာန်နတ်ရဲ့ စစ်သည်တော်
တပ်မတော်ရဲ့ ခေါင်းဆောင်များက
ဘုရားကို လက်ညှိုးထိုးလို့
ပလ္လင်လုမယ့် ဟန်အပြည့်နဲ့
သာသနာကို စောင့်ရှောက်အုံးမတဲ့လေ။
ချင့်ယုံကြ...
သံဃာသွေးစွန်းနေတဲ့ လက်အစုံနဲ့
လူသတ်ခဲ့တဲ့ လူဝတ်လဲအမျိုးယုတ်တွေက
အမျိုးဘာသာ သာသနာတဲ့....
ခွေးမြီးကောက် ကျဉ်တောက်စွပ် အသိတရားနဲ့
နိုင်ရာစား တိရစ္ဆာန်တွေမို့
သတိလေး ကပ်လို့ ဆက်ဆံကြပေတော့...
ခုထိ..
ဗီဇမပျောက်သေးတဲ့ ကြောင်သူတော်တွေအတွက်
ဆွဲချွတ်ခံခဲ့ရတဲ့ သင်္ကန်းတွေနဲ့
ပိုင်ရှင်မဲ့ သွေးစွန်းသောဖိနပ်တရံ..
သွေးစွန်းသော လမ်းမများ..
ခေါင်းပြတ်နေတဲ့ ဆင်းတု..
ထောင်နန်းစံ သံဃာထု..
အကျဉ်းကျ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားလို့
ဥပေက္ခာတွေ တုံ့ပြန်ရင်း
မှောက်ထားဆဲ သပိတ်တလုံးအကြောင်း
ပြန်ပြောင်းပြီး သတိရစေမယ်။
YaeTayZa
27 Sept 2014

No comments:

Post a Comment